လက်ချောင်းလေးတွေ ဘာလို့ အကြောကပ်တာလဲ၊ ဘယ်လိုသက်သာအောင် လုပ်မလဲ
အလုပ်တွေ လုပ်နေရင်း လက်ချောင်းလေးတွေ ပူးကပ်သွားပြီး လှုပ်ရှားမရတာမျိုး ဖြစ်နေပြီလား?
ဖုန်း၊ ကွန်ပျူတာနဲ့ ဆက်တိုက် အလုပ်လုပ်နေရလို့ လက်ချောင်းလေးတွေ အကြောကပ်နေပြီလား?
ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လက်ချောင်းလေးတွေ ဘာလို့ အကြောကပ်ရတာလဲ ၊ အကြောကပ်တဲ့အခါ သက်သာစေတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
လက်ချောင်းလေးတွေ အကြောကပ်တယ်ဆိုတာ လက်ချောင်းတွေရဲ့ ကြားမှာ ရှိတဲ့ အရွတ်လေးတွေက တင်းမာလာပြီး ရောင်ရမ်းလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့်
- လက်ချောင်းလေးတွေကို အားပြုပြီး အလုပ်လုပ်နေတဲ့ သူတွေ
- အရင်က လက်မှာ ဒဏ်ရာ ရခဲ့ဖူးသူတွေနဲ့
- အသက် ၄၀- ၅၀ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
လက်ချောင်းလေးတွေ အကြောကပ်တာက ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာ အဆစ်မြစ်ရောင် ရောဂါ၊ ဂေါက်ရောဂါ၊ အာရုံကြော အားနည်းသူတွေ၊ B-6 ချို့တဲ့သူတွေ နဲ့ သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့ သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
လက်ချောင်းလေးတွေ အကြောကပ်ပြီး တခါတလေမှာ နာကျင်ရတဲ့အတွက် အလုပ်လုပ်တဲ့ နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။
ဒါ့ကြောင့် အကြောကပ်တာကို သက်သာစေဖို့
- အကြောကပ်နေတဲ့ အချိန် ရေခဲ ကပ်ပေးတာ၊
- လက်ကောက်ဝတ်ကို တစ်ခုခုနဲ့ စည်းပေးထားတာ၊
- လက်ချောင်းလေးတွေကို ခဏ အနားပေးတာ၊
- ဆီလိမ်းပြီး နှိပ်နယ်ပေးတာ၊
- နာကျင်တာကို သက်သာစေမယ့် လိမ်းဆေးလေးတွေက လက်အကြောကပ်တာကို သက်သာစေပါတယ်။
ဒါ့အပြင် ပုံမှန် လက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာမျိုး၊ အလေးအပင် မ ရတဲ့ အခါမှာ လက်အနေအထားကို ပုံမှန် ဖြစ်အောင်ထားတာနဲ့ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေက်ို စားပေးမယ် ဆိုရင် လက်အကြောကပ်ခြင်း ဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။
လက်ချောင်းလေးတွေ အကြောကပ်တာက သူ့အလိုလို သက်သာသွားတာတွေလဲ ရှိပါတယ်။ ရေရှည်မှာ လက်ချောင်းလေးတွေ အကြောကပ်တာကို မကြာခဏ ခံစားရမယ်၊ အရမ်း နာကျင် ခံစားရမယ်၊ ထုံကျဉ်တာတွေအထိ ဖြစ်လာမယ်ဆိုရင် တခြား ရောဂါတွေရဲ့ လက္ခဏာလဲ ဖြစ်နိုင်တာကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ် ဆိုတဲ့ အကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)